Skip to content Skip to footer

ကလေးတွေ ကျောင်းကပြန်လာတဲ့အခါမှာချီးကျူးကြည့်ပါ

ကလေးတွေ ကျောင်းကပြန်လာတဲ့အခါမှာ ချီးကျူးကြည့်ပါ
************************************

မိဘတွေနဲ့ ကလေးတွေကြားမှာ ဆက်ဆံရေးပိုကောင်းလာဖို့နဲ့ ကလေးတွေရဲ့ ပညာရေးလမ်းကြောင်းမှာ တိုးတက်သထက် တိုးတက်လာအောင်၊ ကလေးတွေ ကြိုးစားချင်စိတ် ဖြစ်အောင်လို့ မိဘတွေဘက်ကနေ ချီးကျူးစကားလေးတွေ ဆိုပေးသင့်ပါတယ်။

ဘယ်လိုမျိုး ချီးကျူးစကားတွေပြောပေးရင် ကလေးတွေ သဘောကျမလဲဆိုတာ ကြည့်လိုက်ရအောင်…

❝ သားလေးဘယ်လောက်ထိ ကြိုးစားခဲ့လဲဆိုတာ မေမေသိတယ်၊ အများကြီးကြိုးစားပေးခဲ့လို့ မေမေက ကျေးဇူးတင်တယ်နော်… ❞
——————————————–
တစ်ခါတရံမှာ ကလေးတွေလုပ်ဆောင်လိုက်တဲ့ ရလဒ်ထက် သူတို့တွေရဲ့ကြိုးစားမှုက ပိုတန်ဖိုးရှိတယ်လို့ ပြောပြပေးသင့်ပါတယ်။ ကလေးတွေရဲ့ လုပ်ဆောင်မှုတွေ တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်ဆိုရင် ကြိုးစားခဲ့မှုရဲ့ တန်ဖိုးကို ဖော်ထုတ်ပြီးပြောပေးဖို့ လိုအပ်ပါတယ်။

❝ တော်တော်ကောင်းတဲ့ အိုင်ဒီယာပဲ ❞
——————————————–
ဒီလိုစကားမျိုးနဲ့ ချီးကျူးစကားဆိုမယ်ဆိုရင်တော့ ကလေးတွေရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း စွမ်းရည်တွေ၊ တီထွင်ဖန်တီးမှုအပိုင်းတွေမှာ တိုးတက်လာအောင် အားပေးရာရောက်ပါတယ်။ ကလေးတွေရဲ့ အနာဂတ်လမ်းကြောင်းတစ်လျှောက်မှာ အခက်အခဲတွေ ပိတ်ဆို့လာတဲ့အခါ အဖြေရှာပြီး ကြိုးစားနိုင်ကြောင်းကို ဒီစကားလေးက လမ်းညွန်ပေးရာလည်း ရောက်ပါတယ်။

❝ ဒီလိုလေး စဥ်းစားပေးလို့ ကျေးဇူးတင်ပါတယ် ❞
——————————————–
မြန်မာမိဘတွေအနေနဲ့က ကလေးတွေနဲ့ Communicate လုပ်တဲ့အခါမှာ ကျေးဇူးတင်ပါတယ်လို့ ပြောခဲပါတယ်။ ဒါပေမဲ့ မိဘနဲ့ သားသမီးကြားထဲမှာလည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားက အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိပါတယ်။ ဥပမာ – အိမ်က ညီမလေးအတွက် မုန့်လေးဖဲ့ကျွေးလိုက်တာမျိုးဆိုရင်လည်း ဒီတိုင်း လွှတ်မထားဘဲ “ဒီလိုလေး စဥ်းစားပြီးလုပ်ပေးလို့ ကျေးဇူးတင်တယ်နော်” ဆိုတာမျိုးလေး ပြောပေးရင် ကလေးကို အသိအမှတ်ပြုပေးရာရောက်သလို ဒီလိုအပြုအမူက တန်ဖိုးရှိတယ်ဆိုတာကို ပြောပြပေးရာလည်း ရောက်ပါတယ်။

❝ “ဟယ် ကြည့်စမ်း… သူငယ်ချင်းကို အကြံဉာဏ်ကောင်းတွေ ပေးလိုက်နိုင်တာပဲ ❞
——————————————–
ဆယ်ကျော်သက်အရွယ်ဟာ တစ်ဦးနဲ့တစ်ဦး အကြံပေးခြင်းက အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိဘတွေအနေနဲ့က ကိုယ့်သားသမီးက သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကို အကြံဥာဏ်ကောင်းတွေ ပေးတိုင်းပေးတိုင်းမှာ တစ်ဖက်သားကို ကူညီနိုင်တဲ့အကြောင်း ချီးကျူးဖို့နဲ့၊ ဒီလို လုပ်ရပ်ကောင်းမျိုးကို မိဘတွေက မြင်ပါတယ်ဆိုတာကို ဖော်ပြပေးရာ ရောက်တဲ့အတွက် ကလေးတွေရဲ့ စိတ်ထဲမှာလည်း အားတက်ဖွယ်ဖြစ်စေပါတယ်။

❝ စိန်ခေါ်မှုတွေကို မလျှော့တမ်းကြိုးစားတာ အရမ်းတော်တယ် ❞
——————————————–
ကလေးတွေရဲ့ အားသာချက်ကို ထင်သာမြင်သာရှိအောင် ပြောပြပြီး ချီးကျူးပေးတာမျိုးကလည်း ကလေးတွေရဲ့ ကြိုးစားချင်စိတ်ကို တိုးစေပါတယ်။

❝ တစ်စုံတခုအတွက် ကျေးဇူးတင်ပါတယ် ❞
——————————————–
အသေးအဖွဲလေးဖြစ်ပါစေ၊ ကလေးတွေကို ကျေးဇူးတင်စကားပြောခြင်းက ကလေးတွေရဲ့ အပြောအဆို၊ အပြုအမူလေးတွေဟာ ဘယ်လောက်ထိ အရေးကြီးကြောင်း ပြသရာရောက်ပါတယ်။

❝ သားသားက/ မီးမီးက သဘောကောင်းလိုက်တာ ❞
——————————————–
ကလေးတွေရဲ့ ရက်ရောမှုတွေ၊ ကိုယ့်အတွက်ကိုယ် မကြည့်ဘဲ တခြားသူတစ်ယောက်ယောက်အတွက် တစ်စုံတရာကို စွန့်လွှတ်ပေးလိုက်တာမျိုးတွေကို မြင်တွေ့ခဲ့မယ်ဆိုရင် သဘောကောင်းကြောင်းပြောပြပေးပါ။ ဒါဟာလည်း ကလေးတွေကို အသိအမှတ်ပြုတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီလို ချီးကျူးစကားလေးတွေကို မိဘတွေအနေနဲ့ သတိထားပြီး ပြောပြောပေးကြည့်မယ်ဆိုရင် ပိုမိုလိမ္မာတဲ့ ကလေးတွေ ဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။

အိမ်မှာ ကလေးကို ချီးကျူးဖြစ်တဲ့ စကားလေးတွေရှိရင်လည်း Comment မှာ မျှဝေပေးသွားပါဦးနော်…

Leave a comment